လေ့လာချက်များအရ အသက် ၅၀ ကျော်သော လူကြီးထက်ဝက်ခန့်က သူတို့ရဲ့ရှိရင်းစွဲအသက်ထက် ဆယ်နှစ်ခန့်နုပျိုမှုကို ခံစားရတယ်လို့ ပြောကြပါတယ်။ ဘယ်လောက်ပဲငယ်ရွယ်နုပျိုနေတုန်းပဲလို့ ခံစားရနေပါစေ သူတို့ရဲ့ခန္ဓာကိုယ်က စိတ်ရဲ့အလိုအတိုင်းလိုက်မလုပ်ဆောင်နိုင်ကြတော့ပါဘူး။ အလုပ်များလို့ သွားလာလှုပ်ရှားမှုများလေ ကြွက်သားများ အိုမင်းမှုမြန်ဆန်လေပါပဲ။

ကြွက်သားများအိုမင်းခြင်းဆိုတာ ဘာလဲ။

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားသိပ်သည်းဆပမာဏ လျော့ကျလာခြင်း၊ ကြွက်သားသန်မာမှု အားနည်းလာခြင်းနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ သွားလာလှုပ်ရှားမှုများ နှေးကွေးလာခြင်းတို့က ကြွက်သားများ အိုမင်းလာခြင်းရဲ့ လက္ခဏာတွေပါပဲ။

အသက် ၅၀ ကျော်လူကြီး ၃ ယောက်အနက် ၁ ယောက်က ကြွက်သားများအားနည်း၍ အိုမင်းခြင်းဝေဒနာကို ခံစားနေရပါတယ်။ ဒီလိုခံစားရတဲ့အတွက်ကြောင့် အသက်ရှည်ကျန်းမာစွာနဲ့ တက်ကြွလန်းဆန်းတဲ့ လူနေမှုဘဝကို လက်လွတ်ဆုံးရှုံးကြရပါတယ်။ သတင်းကောင်းတစ်ခုကတော့ ကြွက်သားများအိုမင်းခြင်းကို နှေးကွေးအောင်ပြုလုပ်ပြီး ကြွက်သားများလျော့တိလျော့ရဲဖြစ်ခြင်းကို တွန်းလှန်နိုင်ပါတယ်။

ဘယ်အချိန်မှာ ကြွက်သားသန်မာမှုတွေ ဆုံးရှုံးသွားတာလဲ

အသက် ၄၀ ပတ်ဝန်းကျင်မှာ ကြွက်သားသန်မာမှုများ အားနည်းစပြုလာပြီး အသက် ၇၀ အရွယ်အထိ တရိပ်ရိပ်နဲ့ ကြွက်သားများ အားနည်းသထက် နည်းလာပါတော့တယ်။ ကြွက်သားများဆုံးရှုံးခြင်းကြောင့် ကြွက်သားအိုမင်းမှုဝေဒနာကို ခံစားရနိုင်ပါတယ်။

ကြွက်သားများအိုမင်းမှုရောဂါက လမ်းလျှောက်ခြင်း၊ ထိုင်နေရာမှ ရုတ်တရက်ထလိုက်ခြင်း၊ အရာဝတ္ထုများ မခြင်း၊ လှေကားမှ အတက်အဆင်းပြုလုပ်ခြင်းစတဲ့ သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာများကို နှေးကွေးအောင် ပြုလုပ်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးဖို့က အရေးကြီးတာပါ။ အထူးသဖြင့် သင်ပင်ပန်းနွမ်းနယ်တဲ့အခါ ပိုမိုပြုလုပ်ပေးသင့်ပါတယ်။

ကြွက်သားများအိုမင်းရင့်ရော်ခြင်းမှ ဘယ်လိုကာကွယ်မလဲ

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းကြောင့် ကြွက်သားများသန်မာမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ကြွက်သားများ ဆုံးရှုံးခြင်းကို ကာကွယ်ဖို့အတွက် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးတဲ့အလေ့အကျင့်ကို အခုပဲ စတင်မွေးမြူလိုက်ပါ။ သူငယ်ချင်းမိတ်ဆွေများကိုလည်း အဖော်စပ်ပြီး ပျော်ပျော်ပါးပါး အတူတကွ လေ့ကျင့်ခန်းပြုလုပ်ခြင်းက လေ့ကျင့်ခန်းပြုလုပ်ဖို့ပျက်ကွက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ကြွက်သားသန်မာမှုကို အားဖြည့်ပေးတဲ့ အစားအစာတွေ စားပါ

ကြွက်သားကျန်းမာရေးအတွက် ကူညီထောက်ပံ့ပေးတဲ့ ဗီတာမင် ဒီ ကြွယ်ဝတဲ့အစားအစာများ လုံလောက်စွာ စားသုံးပါ။ အာဟာရမျှတအောင် စားသုံးပြီး ပရိုတိန်းဓာတ်နဲ့ အမိုင်နိုအက်စစ် ပါဝင်တဲ့ အစားအစာများကိုလည်း နေ့စဉ်မှီဝဲစားသုံးပေးခြင်းဖြင့် ကြွက်သားများအိုမင်းရင့်ရော်ခြင်းမှ ကာကွယ်လိုက်ပါ။ အသက်အရွယ်ကြီးရင့်ခြင်းဆိုတဲ့ သဘာဝတရားကို လွန်ဆန်လို့မရပေမဲ့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်း၊ အာဟာရဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကို စားခြင်းဖြင့် ကြွက်သားများအိုမင်းမှုကို ဟန့်တားနိုင်ပါတယ်။